Tuesday, March 10, 2015
အာဆင်နယ်နှင့်ပွဲတွင် အနီကတ် ထိခဲ့သည့် ဒီမာရီယာကို ဗန်ဂါးလ် ဝေဖန်
အာဆင်နယ်နှင့်ပွဲတွင် အနီကတ် ထိခဲ့သည့် ဒီမာရီယာကို ဗန်ဂါးလ် ဝေဖန်
အာဆင်နယ်နှင့်ပွဲတွင် ထုတ်ပယ်ခံရသည့် အိန်ဂျယ်လ် ဒီမာရီယာ၏ လုပ်ဆောင်မှုများသည် လက်သင့်ခံရန် ခက်ခဲနေခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။
နွေရာသီ ဈေးကွက်ကာလအတွင်းက ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၆၀)ဖြင့် ရီးယဲလ်မက်ဒရစ်မှ ကူးပြောင်းလာသည့် အာဂျင်တီးနား လက်ရွေးစင် တောင်ပံလူသည် အိုးလ်ထရက်ဖို့ဒ်တွင် အာဆင်နယ်ကို အရေးနိမ့်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်၌ ထုတ်ပယ် ခံခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် ဒီမာရီယာသည် အေရွန်ရမ်ဆေး၏ ဖျက်ထုတ်မှုကို ဟန်ဆောင် ဒိုင်ဗင်ထိုးသည်ဟုဆိုကာ အဝါကတ် ပြခံရပြီး ယင်းနောက် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကို တွန်းထိုးခဲ့သဖြင့် စက္ကန့်ပိုင်းအတွင်း နောက်တစ်ဝါ ထိခဲ့ခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ကစားသမား အနေဖြင့် ယင်းအခြေအနေကို ယင်းထက် ပိုမိုသေသပ်စွာ ကိုင်တွယ်နိုင်ခဲ့သင့်ကြောင်း ဗန်ဂါးလ်က ဝေဖန်ခဲ့သည်။
၎င်းက “ပွဲချိန်အတွင်းမှာတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ရုတ်တရက် မရှင်းလင်းတဲ့ အနေအထား ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဗီဒီယို ပြန်ကြည့်ပြီး ဒိုင်က ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့သလဲ ဆိုတာကိုတော့ အဖြေထုတ်သွားပါမယ်။ ဒါပေမဲ့ ဒီမာရီယာက သူဟာ ဒိုင်လူကြီးကို သွားထိစရာ မလိုဘူးဆိုတာ သိကိုသိရမယ်။ သူလုပ်လိုက်တာ သိပ်တော့ ပုံမကျဘူး”ဟု ဆိုသည်။ ၎င်းက “ဒီလို ပွဲမျိုးမှာ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာဖို့ လွယ်လွန်းတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော် ပွဲမကစားခင် ကတည်းက ပြောပြီးသား။ ဒီပွဲမျိုးမှာ အနီကတ် တစ်ကတ်ဟာ လွယ်လွယ်ကူကူ ထွက်လာတတ်တယ်။ ဒီအနီကတ် မျှတသလား ဆိုတာကိုတော့ ကျွန်တော် ဘာမှ မှတ်ချက် မပေးလိုဘူး။ ဘာလို့ မပေးသလဲ ဆိုတာလည်း ခင်ဗျားတို့ သိတယ်။ ဘာပဲဖြစ်ဖြစ် ဒီမာရီယာဟာ ဒိုင်ကို ထိစရာ မလိုဘူး။ ဒါကို ကစားသမားတိုင်း သိကိုသိတယ်”ဟုလည်း သတင်းထောက်များအား ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment