Friday, March 13, 2015
ချယ်လ်ဆီး ကစားသမားများ ဒိုင်ကို ဝိုင်းဝန်း ဖိအားပေးခဲ့ခြင်း အပေါ် တယ်ရီရှင်းလင်း
ချယ်လ်ဆီး ကစားသမားများ ဒိုင်ကို ဝိုင်းဝန်း ဖိအားပေးခဲ့ခြင်း အပေါ် တယ်ရီရှင်းလင်း
PSGနှင့်ပွဲတွင် ပြိုင်ဘက် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ထုတ်ပယ်ခံရချိန်၌ ဒိုင်လူကြီး နံဘေး၌ ချယ်လ်ဆီး ကစားသမား အမြောက်အမြား ဝန်းရံ ဖိအားပေးနေခြင်းနှင့် ပတ်သက်၍ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ကာကွယ် ပြောကြားခဲ့သည်။
ချယ်လ်ဆီးသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် PSGကို လူတစ်ယောက် အသာစီးဖြင့် မိနစ်(၉၀)နီးပါး ကစားခွင့် ရခဲ့သော်လည်း (၂)ဂိုးစီ သရေကျခဲ့သဖြင့် အဝေးဂိုး စည်းမျဉ်းဖြင့် ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည်။ အဆိုပါပွဲစဉ် မိနစ်(၃၀)ကျော်တွင် PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်သည် ချယ်လ်ဆီး ကွင်းလယ်လူ အော်စကာကို လျှောထိုး ဖျက်ထုတ်ခဲ့ပြီး ဒိုင်လူကြီးက အနီကတ် ပြခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်တွင် အီဘရာဟီမိုဗစ် အနီကတ် ပြခံရရန် ချယ်လ်ဆီး ကစားသမား (၁၀)ဦးခန့် ဝန်းရံ ဖိအားပေး တောင်းဆိုနေသည့် လုပ်ရပ်မှာ အများဝေဖန်စရာ ဖြစ်ခဲ့သည်။ အီဘရာဟီမိုဗစ်ကလည်း ထိုအချိန်တွင် ချယ်လ်ဆီး ကစားသမားများကို မြင်ရသည်မှာ ကလေးငယ်များ မိမိကို ဝန်းရံထားသကဲ့သို့ ဖြစ်နေကြောင်း လှောင်ပြောင်ခဲ့သေးသည်။
တယ်ရီက “ဒိုင်ကို PSGဘက်က စပြီးပြောတာပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ တုံ့ပြန်ခဲ့ရုံပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ကစားသမားတွေ ဒိုင်လူကြီးနားမှာ စုပြုံပြီး ကျွန်တော်တို့ ကစားသမားကို အဝါကတ်ပြဖို့ တောင်းဆိုနေတာမျိုး မဖြစ်စေချင်ဘူး မဟုတ်လား။ ကျွန်တော်က အဲဒီနေရာကို ကိုက်(၂၀)၊ (၃၀)လောက် ပြေးသွားရတာပါ။ မြင်ကွင်းက သိပ်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့ အသင်းသား လေးငါးယောက်လောက်က ဒိုင်နား ရောက်နေပြီလေ။ ကျွန်တော်တို့ကလည်း ကိုယ့်ကစားသမားကိုယ် ကာကွယ်ဖို့ ကြိုးစားရမှာပါ”ဟု ဆိုသည်။
၎င်းက “ကျွန်တော် အဲဒီနေရာကိုသွားတော့ တခြားအသင်းဖော် လေးငါးယောက်လည်း ပါလာတယ်။ မြင်ရတွေ့ရတာတော့ မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ အဲဒါက ဘောလုံးပွဲတွေရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကိုယ်က အသင်းဖော်တွေနဲ့အတူ စည်းစည်းလုံးလုံး ရပ်တည်ဖို့ လိုပါတယ်။ အသင်းတစ်သင်းရဲ့ စုစည်းမှုဟာ တခြားအသင်းအတွက် ဆိုးရွားသွားမှာပါပဲ။ ဒါကိုက ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment