Pages

Subscribe:

Saturday, March 14, 2015

တော့တင်ဟမ် ဟော့စပါးနဲ့ အစပြုမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကျပ်ခရီးလမ်း (EPL PREVIEW)



တော့တင်ဟမ် ဟော့စပါးနဲ့ အစပြုမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကျပ်ခရီးလမ်း (EPL PREVIEW)

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အသင်းကြီး တော်တော်များများ ပွဲကျပ်တွေ ကစားရမှာပါ။ အာဆင်နယ်ဟာ ခြေမှန်နေတဲ့ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းယူနိုက်တက်ကို တွေ့ဆုံမှာဖြစ်ပြီး ဇယားထိပ်က ချယ်လ်ဆီးကလည်း ကစားရခက်တဲ့ ဆောက်သမ်တန်ကို ဧည့်ခံရပါမယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ပွဲကျပ်ခရီးကြမ်းကို တော့တင်ဟမ် ဟော့စပါးနဲ့အတူ အစပြုတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် – ဝက်စ်ဟမ်းယူနိုက်တက်
FAဖလားမှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရလိုက်ခြင်းက အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းကို သေချာပေါက် မြင့်တက်လာစေပါလိမ့်မယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက် ခြေမှန်လာခြင်းကလည်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ရဖို့ ယုံကြည်လောက်စရာ အားတစ်ရပ်ပါ။ အာဆင်နယ်မှာ တိုက်စစ်သမားတွေ အကုန်လုံးလိုလို ဂိုးသွင်းစွမ်းရည် ပြသနေနိုင်တာက မန်နေဂျာ အာစင်ဝင်းဂါးအတွက် ရွေးချယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခွင့် ရစေပါတယ်။ အာဆင်နယ် အနိုင်ရဖို့ပဲ ကစားပါလိမ့်မယ်။ သတိထားသင့်တဲ့ တစ်ချက်က ချန်ပီယံလိဂ် ပွဲကျပ် ရှိနေတဲ့အတွက် ဝင်းဂါးက အဓိက ကစားသမား တချို့ကို အနားပေးလာနိုင်တယ် ဆိုတာပါပဲ။

ဘန်လေ – မန်ချက်စတာစီးတီး
ဇယားထိပ်က ချယ်လ်ဆီးကို အမီလိုက်ဖို့အတွက် ဒီလိုပွဲမျိုးကို မန်စီးတီး မဖြစ်မနေ အနိုင်ကစားဖို့ လိုပါတယ်။ ဘန်လေဟာ အိမ်ကွင်းမှာ အသင်းကြီးတွေကို ခံကန်လေ့ ရှိပေမယ့် လက်တွေ့ကျကျ စဉ်းစားရင် ဒီပွဲဟာ ဇယားထိပ် ဒုတိယနေရာနဲ့ ဇယားအောက်ခြေ ဒုတိယ နေရာက နှစ်သင်း တွေ့နေတာ ဖြစ်ပါတယ်။ ကစားသမား စုဖွဲ့မှုချင်းကလည်း ကွာခြားလွန်းပါတယ်။ အမှားခံနိုင်ခွင့် အရမ်းနည်းသွားပြီဖြစ်တဲ့ မန်စီးတီးတို့ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားပါလိမ့်မယ်။ တိုက်စစ်မှူးသစ် ဝီလ်ဖရိုက်ဒ် ဘိုနီတစ်ယောက် လက်ရှိချန်ပီယံတွေအတွက် ဂိုးသွင်းနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။

ချယ်လ်ဆီး – ဆောက်သမ်တန်
ရာသီအစပိုင်းက ဒုတိယ နေရာထိ တက်လှမ်းခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ ကျဆင်းမှုဟာ တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာနေပါပြီ။ ကစားသမားအင်အား စုဖွဲ့မှုမှာ အသင်းကြီးတွေကို မယှဉ်နိုင်ခြင်းက မန်နေဂျာ ရော်နယ်လ်ကိုးမန်းရဲ့ အသင်းကို သူတို့ရဲ့ မျှော်မှန်းချက်တွေဆီ အရောက်လှမ်းရာမှာ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ လောလောလတ်လတ် ချန်ပီယံလိဂ်က ထွက်ထားရတဲ့ အသင်းပါ။ ဒီအချက်က အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ထိုးနှက်ချက် ဖြစ်စေမှာတော့ အမှန်ပါပဲ။ ဒီပွဲမှာ ချယ်လ်ဆီးတို့ ကျားနာခဲ ခဲနိုင်မလား၊ ဥရောပပွဲစဉ် အိပ်မက်ဆိုးမှ ဆက်ပြီး ရုန်းကန်ရမလား ဆိုတာကို စောင့်ကြည့်ရပါမယ်။ အိမ်ကွင်း အားသာချက်လည်း ရှိတဲ့အတွက် ချယ်လ်ဆီး အနိုင်ရဖို့ များပေမယ့် ဆောက်သမ်တန်ဆိုတာ ဘယ်လိုအသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ ညာဉ်ကလေး ရှိနေတာကိုတော့ မမေ့ပါနဲ့။

မန်ချက်စတာယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး
ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် အပြိုင်ကြိုးစားနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တာပါ။ စပါးဟာ ဒီရာသီမှာ တိုးတက်မှုတွေ ရှိလာတယ် ဆိုတာကို ငြင်းမရပါဘူး။ ယူနိုက်တက်ရဲ့ ခြေစွမ်းကတော့ တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်နေတုန်းပါ။ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ရဲ့ အသင်းဟာ ဘောလုံးကို ထိန်းချုပ်ကစားနိုင်ပေမယ့် ထိုးဖောက်နိုင်စွမ်း အားနည်းလွန်းတာ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် ခံစစ်ကလည်း အမှားများတာကြောင့် နာဆာချက်ဒ်လေ၊ ဟယ်ရီကိန်းနဲ့ ခရစ္စတီယန် အဲရစ်ခ်ဆန် သုံးယောက်တွဲလုံးက အိမ်ရှင်ကို အရှိုက်ထိုးသွားနိုင်ပါတယ်။ ထိထိရောက်ရောက် ကစားမယ်ဆိုရင် စပါးကို ယူနိုက်တက် မနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အတတ်ဆန်းလွန်းတဲ့ ဗန်ဂါးလ်ကြောင့် အိမ်ကွင်းမှာ လန်ဒန်အသင်းတွေ နှစ်ပွဲဆက် နှိပ်ကွပ်သွားတာ ခံလိုက်ရတယ် ဆိုရင်လည်း သိပ်တော့လည်း အံ့ဩမိမှာ မဟုတ်ဘူး။

ဆွမ်ဆီးစီးတီး – လီဗာပူးလ်
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာအတွက် အသင်းဟောင်းကို ပြန်ရင်ဆိုင်ဖို့ နောက်တစ်ကြိမ် အကြောင်းဖန်လာပြန်ပါပြီ။ လီဗာပူးလ်ဟာ ရော့ဂျာရဲ့ နောက်တန်းသုံးယောက် အခင်းအကျင်းနဲ့ တိုက်စစ်အားပြု ကစားဟန်မှာ တဖြည်းဖြည်း အံဝင်ပြီး ခြေစွမ်းတက်လာပါတယ်။ ဒါပေမဲ့ လီဗာပူးလ် ခံစစ်ဟာ ကာယအားပြု ကစားတဲ့ တိုက်စစ်မှူးတွေနဲ့ အမြင့်ဘောတွေကို ထိန်းချုပ်ရာမှာ ရုန်းကန်နေရဆဲဆိုတာ ဘလက်ဘန်းရိုဗာနဲ့ FAဖလား ပွဲစဉ်က သက်သေပါပဲ။ ဆွမ်ဆီးကတော့ အိမ်ကွင်း အားသာချက်ကလွဲရင် သိပ်ပြီး မျှော်လင့်စရာ မရှိပါဘူး။ ဒါပေမဲ့ ဆွမ်ဆီးရဲ့ အဝေးကန်ချက်တွေဟာ အမှားများတဲ့ လီဗာပူးလ် ဂိုးသမား ဆိုင်မွန် မစ်ဂ်နိုလတ်ကို အချိန်မရွေး ဗျာများသွားစေနိုင်ပါတယ်။ အဝေးကွင်းမှာ လီဗာပူးလ်တို့ ကပ်နိုင်လောက်မယ် ထင်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment