Monday, March 9, 2015
ဘလက်ဘန်းနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့သည့်အတွက် ရော့ဂျာ စိတ်ပျက်
ဘလက်ဘန်းနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့သည့်အတွက် ရော့ဂျာ စိတ်ပျက်
ဘလက်ဘန်းရိုဗာနှင့် ပွဲစဉ်တွင် လီဗာပူးလ် အနေဖြင့် ရသင့်ရထိုက်သည့် ပင်နယ်တီ အခွင့်အရေးများ မျက်ကွယ်ပြု ခံခဲ့ရကြောင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ညည်းညူခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်သည် အိမ်ကွင်း အန်းဖီးလ်၌ ဘလက်ဘန်းကို ဂိုးမရှိသရေ ကျခဲ့သည့်အတွက် အီးဝုဒ်ပါ့ခ်တွင် နောက်တစ်ကျော့ ကစားရမည် ဖြစ်သည်။ ရော့ဂျာက ဘလက်ဘန်း ကစားသမား မတ်ကီလ်ဂါလန် အနေဖြင့် ပင်နယ်တီ ဧရိယာထဲတွင် မိမိ၏ ကစားသမား အဒမ်လာလယ်နာကို တားဆီးပုံ ကြမ်းခဲ့သည့်အပေါ် ပင်နယ်တီ ရသင့်သည်ဟု ယူဆနေသည်။ သို့သော်လည်း ယင်းဖြစ်ရပ်တွင် ဒိုင်လူကြီး အန်ဒရီ မာရီနာက လီဗာပူးလ်ကို ထောင့်ကန်ဘောသာ ကန်ခွင့်ပေးခဲ့သည်။
ရော့ဂျာက “ကျွန်တော်တို့ ပင်နယ်တီ တစ်လုံးတော့ သေချာပေါက် ရခဲ့သင့်တယ်လို့ ခံစားမိပါတယ်။ ပထမပိုင်းမှာ လာလယ်နာ ထိုးဖောက်သွားပုံက သိပ်ကောင်းတယ်။ သူက ဘောလုံးနဲ့ ပြိုင်ဘက် ကစားသမား ကြားထဲက တိုးထွက်သွားတာပါ။ သူအပိုင်ကန်ခါနီး အချိန်မှာ တားဆီးခံခဲ့ရတာ။ ဒါဟာ လုံးဝ ရှင်းလင်းတဲ့ ပင်နယ်တီလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ် ပင်နယ်တီ ရသင့်တဲ့ အခြေအနေ တစ်ရပ် ရှိခဲ့ပေမယ့် အဲဒါကတော့ အငြင်းပွားစရာပဲ ဆိုပါတော့။ ဒါပေမဲ့ ပွဲချိန်အတွင်း ဂိုးရဖို့ ဆိုတာက ကံလည်း နည်းနည်းလိုတယ်လေ။ ပွဲအစ မိနစ်(၂၀)လောက် အတွင်းမှာသာ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ရင် ပွဲအနေအထားက အခုထက်ပိုပြီး မြိုင်သွားနိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
၎င်းက လီဗာပူးလ်၏ အိမ်ကွင်းတွင် အနိုင်မရခဲ့သည့်တိုင် အလွန်အကျွံ စိတ်ပျက်မှု မရှိဟုလည်း ဆိုသည်။ “ရိုးရိုးသားသား ပြောရရင် အရမ်းစိတ်ပျက်သွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ခဲ့ချင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ တကယ့်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းကို ကျွန်တော်တို့ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တယ်။ ဘလက်ဘန်းဟာ အမြင့်ဘောတွေ၊ တည်ကန်ဘောတွေကို ဧရိယာထဲ ရိုက်တင်ရာမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အသင်းပါ။ အရေးကြီးတာက ကျွန်တော်တို့ဟာ ဒီအပိုင်းကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့တယ်။ အခု ကျွန်တော်တို့ အကြိုဗိုလ်လုပွဲ တက်ရောက်ဖို့ လက်ကျန် အခွင့်အရေး ရှိနေဆဲပါ။ ဒါပေမဲ့ အသင်းအနေနဲ့ စုပေါင်း လုပ်ဆောင်စရာတွေ အများကြီး ကျန်နေပါသေးတယ်”ဟုလည်း ရော့ဂျာက ပြောဆိုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment