Pages

Subscribe:

Saturday, March 14, 2015

အရန် အသင်းတွင် ကစားစေခြင်းသည် ဖယ်လ်ကာအိုကို အရှက်ခွဲခြင်း မဟုတ်ဟု ဗန်ဂါးလ်ဖြေရှင်း



အရန် အသင်းတွင် ကစားစေခြင်းသည် ဖယ်လ်ကာအိုကို အရှက်ခွဲခြင်း မဟုတ်ဟု ဗန်ဂါးလ်ဖြေရှင်း

အရန်အသင်းတွင် ပါဝင် ကစားစေခဲ့ခြင်းသည် ရာဒါမယ် ဖယ်လ်ကာအိုကို မိမိက အရှက်ခွဲခြင်း မဟုတ်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဖြေရှင်းခဲ့သည်။

ဗန်ဂါးလ်သည် အာဆင်နယ်ကို အရေးနိမ့်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ဖယ်လ်ကာအိုကို လုံးဝ အသုံးမပြုခဲ့သော်လည်း နောက်ထပ် ရက်ပိုင်းအကြာတွင် အသက်(၂၁)နှစ်အောက် အရန် အသင်း၏ တော့တင်ဟမ် ဟော့စပါးနှင့် ပွဲစဉ်တွင် ပါဝင်ကစားစေခဲ့သည်။ ဖယ်လ်ကာအိုသည် အဆိုပါ ပွဲစဉ်တွင် (၇၂)မိနစ် ကစားသော်လည်း ခြေစွမ်းမပြနိုင်သည့်နောက် လူစားလဲ ခံခဲ့ရသည်။ သတင်းများက ဗန်ဂါးလ်သည် အရန် အသင်းတွင် ပါဝင် ကစားစေခြင်းဖြင့် ဖယ်လ်ကာအိုကို အရှက်ခွဲခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သော်လည်း နယ်သာလန်သား မန်နေဂျာကြီးက ငြင်းဆန်သွားသည်။

“ကျွန်တော်က ဖယ်လ်ကာအိုကို အရှက်ခွဲခဲ့တယ် ဆိုတာတွေ ဖတ်မိပါတယ်။ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒါဟာ မန်နေဂျာ၊ နည်းပြအဖွဲ့၊ ကလပ်အသင်း၊ ပြီးတော့ အထူးသဖြင့် ကစားသမားရဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ပိုင်းနဲ့ဆိုင်တဲ့ ကိစ္စပါ။ ဖယ်လ်ကာအိုမှ မဟုတ်ပါဘူး။ ဗစ်တာဗဲလ်ဒက်စ်နဲ့ ရာဖေးလ် ဒါဆေးလ်ဗားတို့လည်း အဲဒီပွဲမှာ ဝင်ကစားသွားတာပါပဲ။ မီဒီယာတွေက ရေးနေတဲ့ ပုံစံမျိုး ဖယ်လ်ကာအိုက တုံ့ပြန်ခဲ့တာလည်း လုံးဝမရှိပါဘူး”ဟု ဗန်ဂါးလ်က ဆိုသည်။ မိုနာကိုမှ အငှားလာရောက် ကစားနေသည့် တိုက်စစ်မှူးသည် ယခုရာသီ (၄)ဂိုးသာ သွင်းနိုင်သေးပြီး ပရီးမီးယားလိဂ်တွင် ၎င်း၏ အကောင်းဆုံး ပုံစံမျိုး မပြသနိုင်ဘဲ ရုန်းကန်နေရသည်။

ယင်းနှင့်ပတ်သက်ပြီး ဗန်ဂါးလ်က “ဒီအတွက် ကျွန်တော်တို့ အဖြေတစ်ခုခု ရှာတွေ့ဖို့ ကြိုးစားနေပါတယ်။ တစ်ခါတစ်လေ ကစားသမားတွေက နိုင်ငံတစ်ခုမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်သလောက် တခြားနိုင်ငံ တစ်ခုမှာ ခြေမတွေ့ဘဲ ဖြစ်တတ်တယ်။ ဖယ်လ်ကာအို ကိစ္စက ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမှာကျ ပိုပြီး ခက်ခဲတယ်။ သူ့မှာ ပြိုင်ဘက်တွေ ရှိနေတယ်။ ဝိန်းရွန်နီဟာ တိုက်စစ်မှာ ကစားနေပြီး ဂိုးတွေလည်း သွင်းပြနေနိုင်တာကို ဖယ်လ်ကာအို သိပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment