Pages

Subscribe:

Sunday, March 8, 2015

FAဖလား ဆွတ်ခူးရေးထက် အဆင့်(၄)နေရာ ရရှိရေးက ယူနိုက်တက်အတွက် ပိုမိုအရေးကြီးဟု ဗန်ဂါးလ်ဖွင့်ဟ



FAဖလား ဆွတ်ခူးရေးထက် အဆင့်(၄)နေရာ ရရှိရေးက ယူနိုက်တက်အတွက် ပိုမိုအရေးကြီးဟု ဗန်ဂါးလ်ဖွင့်ဟ

FAဖလား ဆွတ်ခူးရေးထက် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)နေရာတွင် ပါဝင်ပြီး ရာသီသိမ်းနိုင်ရေးက အသင်းအတွက် ပိုမိုအရေးကြီးကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။

တနင်္လာနေ့ညတွင် ယူနိုက်တက်သည် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယူနိုက်တက်သည် FAဖလား ဆွတ်ခူးရန် ရေပန်းစားသော အသင်းတစ်သင်းအဖြစ် ရှိနေသည့်တိုင် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်ပေးဇယား ထိပ်ဆုံးအဆင့် (၄)သင်းတွင် ပါဝင်ရန်ကသာ အသင်း၏ နံပါတ်(၁) ဦးစားပေး ရည်မှန်းချက်ဟု နယ်သာလန်သား မန်နေဂျာကြီးက ဝန်ခံခဲ့သည်။ အဆိုပါ ကဏ္ဍတွင် ယူနိုက်တက်သည် အာဆင်နယ်၊ လီဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ ဆောက်သမ်တန် အစရှိသော အသင်းများနှင့်ပါ ပြိုင်ဆိုင်နေရသည်။

ဗန်ဂါးလ်က “ကျွန်တော်တို့ အသင်းဟာ ဘာကို ဦးတည်တယ်ဆိုတဲ့ ရည်မှန်းချက်တွေ အမြဲတမ်း သတ်မှတ်ထားလေ့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဒီရာသီ ရည်မှန်းချက်က ထိပ်တန်း(၄)သင်း စာရင်းမှာ ပါဝင်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းက “ဆုဖလားတစ်လုံး ရလိုက်ခြင်းဟာ သိပ်ကို ထူးကဲ ကောင်းမွန်ပါလိမ့်မယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့် မရတဲ့ အခြေအနေမျိုးအတွက် FAဖလားဟာ မက်မောစရာပါ။ ဆုဖလားတစ်လုံး ရလိုက်ခြင်းဟာ မန်နေဂျာအတွက်၊ ကစားသမားတွေအတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီရာသီ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ပိုင်ဆိုင်ရေးပဲ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြည်တွင်းဖလားတစ်လုံးထက် ချန်ပီယံလိဂ် ဝင်ခွင့်က ပိုမိုတန်ဖိုးရှိကြောင်း ပြောဆိုဖူးရာ ယင်းကို ဗန်ဂါးလ်ကလည်း ထောက်ခံခဲ့သည်။ “ဟုတ်ပါတယ်။ သူပြောထားတာ မှန်တယ်လို့ ကျွန်တော် ယူဆတယ်။ ဝင်းဂါးက မှန်ကန်တဲ့ ရှုထောင့်ကနေ အမြဲလိုလို ပြောဆိုနေတတ်တယ်လို့ ကျွန်တော်ထင်တယ်။ ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုတာ ကလပ်အသင်း တစ်ခုအတွက် အမြင့်ဆုံး စိန်ခေါ်မှုပါ။ သူက ဒါကြောင့် အခုလို ပြောခဲ့တာ နေပါလိမ့်မယ်။ ထိပ်ဆုံး(၄)သင်း နေရာမှာ ပါဝင်ပြီး ရာသီသိမ်းရေးဟာ အကောင်းဆုံး ရလဒ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးအတွက် ပိုပြီး လိုအပ်ပါတယ်”ဟုလည်း ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment