Saturday, March 7, 2015
တံတွေးထွေးမှုဖြင့် ဆစ်ဆေးကို FA (၇)ပွဲပယ်၊ အီဗန်စ်ကိုလည်း စွဲချက်တင် စစ်ဆေးရန် စီစဉ်
တံတွေးထွေးမှုဖြင့် ဆစ်ဆေးကို FA (၇)ပွဲပယ်၊ အီဗန်စ်ကိုလည်း စွဲချက်တင် စစ်ဆေးရန် စီစဉ်
ပြိုင်ဘက်ကို တံတွေးဖြင့် ထွေးခဲ့သည့် လုပ်ရပ်အတွက် နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူး ပက်ပစ်ဆစ်ဆေးကို FAက (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဂျွန်နီအီဗန်စ်ကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ဆစ်ဆေးနှင့် အီဗန်စ်တို့သည် အပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ ဆီနီဂေါ လက်ရွေးစင် ဆစ်ဆေးက မိမိသည် တံတွေးထွေးမိခဲ့ကြောင်း ဝန်ခံပြီး FA၏ စွဲချက်ကို လက်ခံခဲ့သည့်အတွက် (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ အီဗန်စ်သည်လည်း အလားတူ စွဲချက်တင်ခံထားရပြီး (ဒေသစံတော်ချိန်) သောကြာနေ့ ညနေ(၆)နာရီထိ FAက ဖြေရှင်းခွင့် အချိန်သတ်မှတ် ပေးထားသည်။ အီဗန်စ်ကမူ အဆိုပါ စွဲချက်ကို ငြင်းဆိုထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဒိုင်လူကြီး အန်သိုနီတေလာသည် ယင်းဖြစ်ရပ်ကို မတွေ့မြင်ခဲ့ဘဲ ပွဲချိန်အတွင်း ကစားသမား နှစ်ဦးစလုံးကို အပြစ်ပေး အရေးယူမှု မရှိခဲ့ချေ။ မြောက်အိုင်ယာလန် လက်ရွေးစင် အီဗန်စ်က FA အနေဖြင့် မိမိကို အဆိုပါ စွဲချက်မျိုးဖြင့် စွပ်စွဲသည့်အပေါ် တုန်လှုပ် အံ့ဩမိကြောင်း ပြောကြားထားသည်။ ထိုပွဲတွင် အီဗန်စ်၏ ခပ်ကြမ်းကြမ်း ကစားပုံကို ဆစ်ဆေးက ဒေါသတကြီး တုံ့ပြန်ပြီး တံတွေးဖြင့် ထွေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း Daily Mailက သုံးသပ် ရေးသားထားပြီး အီဗန်စ်က ဆစ်ဆေးကို စ၍ တံတွေးထွေးခြင်း ဟုတ်မဟုတ် ဆိုသည်ကို FAက ကြားနာစစ်ဆေးသွားဖွယ် ရှိသည်။ ဆစ်ဆေးသည် FA၏ ပွဲပယ်ပြစ်ဒဏ်အပြင် အသင်းက တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀) ဒဏ်ကြေး တပ်ရိုက်မှုကိုလည်း ခံခဲ့ရသည်။
အီဗန်စ်သည် ပြစ်မှုထင်ရှားပါက (၆)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံရမည် ဖြစ်သည်။ FA အနေဖြင့် FIFA၏ စည်းမျဉ်းများအတိုင်း ကျင့်သုံးသွားရန် နွေရာသီတွင် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆစ်ဆေးမှာမူ ယခုနှစ်အတွင်း အဲဗာတန် နောက်ခံလူ ဆီမက်စ်ကိုးလ်မန်းကို အကြမ်းပတမ်း ရန်ပြုကစားမှုကြောင့် (၃)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံထားရပြီးဖြစ်ရာ ယခုဖြစ်ရပ်တွင် (၁)ပွဲအပိုဆောင်း ပြစ်ဒဏ်တိုးမြှင့် ခံရခြင်းဟု သိရှိရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment