Monday, February 2, 2015
ချန်ပီယံဆုကို မန်စီးတီး အရယူနိုင်စွမ်း ရှိနေဆဲဟု မန်နေဂျာ ပယ်လီဂရီနီဆို
မန်ချက်စတာ စီးတီးအနေဖြင့် အကောင်းဆုံး နိုးထမှုမျိုးဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြေ ရှိနေဆဲဟု ယုံကြည်ကြောင်း အသင်းမန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားခဲ့သည်။
ချယ်လ်ဆီး၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျကွင်းတွင် မန်စီးတီးက တစ်ဂိုးစီ သရေကစားခဲ့ပြီးနောက် နှစ်သင်းစလုံး အမှတ်ပေးဇယား အဆင့်တစ်နှင့် နှစ်နေရာတွင် အပြောင်းအလဲမရှိ ဆက်လက် ရပ်တည်ခဲ့သည်။ မန်စီးတီးသည် ချယ်လ်ဆီးနောက် (၅)မှတ်အကွာတွင် ရှိနေဆဲ ဖြစ်သည့်တိုင် ချီလီသား မန်နေဂျာကြီးက ယမန်နှစ်ကကဲ့သို့ ခြေစွမ်းအကောင်းဆုံး အနေအထားဖြင့် ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။ လတ်တလောတွင် ပရီးမီယားလိဂ် ပွဲစဉ်(၂၃)ထိ ကစားပြီးဖြစ်ရာ စုစုပေါင်း (၁၅)ပွဲသာ ကျန်နေတော့သည်။
ပယ်လီဂရီနီက “ကျွန်တော်က အသင်းရဲ့ ကစားပုံကို တော်တော် သဘောကျပါတယ်။ မနှစ်ကတည်းက ပြောခဲ့တယ်။ မန်စီးတီးဟာ ချန်ပီယံဆုနဲ့ တကယ်ပဲ ထိုက်တန်တဲ့ အသင်းပါ။ လီဗာပူးလ်က စတီဗင်ဂျရတ် ချော်လဲခဲ့လို့ ကျွန်တော်တို့ ချန်ပီယံဆု ရခဲ့တာ မဟုတ်ဘူး။ တစ်နှစ်လုံးမှာ ကျွန်တော်တို့သာ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့လို့ ဖလားရခဲ့တာပါ။ ကျွန်တော်တို့ဟာ ပွဲတိုင်းမှာ ဂိုးတွေ အများကြီး သွင်းယူပြခဲ့တယ်။ ဒီနှစ်လည်း အဲဒီအတိုင်းပဲ ရှေ့ဆက်နေနိုင်လို့ ကျွန်တော် ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။
၎င်းက “ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့အသင်း ကစားခဲ့တဲ့ ပုံစံကြောင့် ကျေနပ်မိပါတယ်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျကို လာပြီးတော့ ပရီးမီးယားလိဂ် ဦးဆောင်သူ အသင်းမျိုးကို ရင်ဆိုင်ဖို့ ဆိုတာက မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး အနိုင်ရဖို့အတွက် ပွဲအစကနေ အဆုံးထိ တိုက်ပွဲဝင်ခဲ့တယ်။ မန်စီးတီးမှာ ရှင်းလင်းပြတ်သားတဲ့ ပုံစံကောင်းတစ်ခု ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး”ဟုလည်း မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment