Monday, February 2, 2015
တောင်ပံတိုက်စစ်တွင် မက်ဆီ ပိုမိုခြေစွမ်းပြ ကစားနိုင်ဟု ဘာစီလိုနာနည်းပြ ပြောကြား
လီယွန်နယ် မက်ဆီသည် ဗဟိုတိုက်စစ်ထက် တောင်ပံတိုက်စစ်တွင် ပိုမိုခြေစွမ်းပြ ကစားနိုင်ကြောင်း ဘာစီလိုနာ နည်းပြ လူးဝစ်အန်ရီကေးက သုံးသပ် ပြောကြားခဲ့သည်။
ဘာစီလိုနာက ဗီလာရီးယဲလ်ကို (၃-၂)ဖြင့် အနိုင်ရခဲ့သည့် တနင်္ဂနွေည၊ လာလီဂါ ပွဲစဉ်တွင် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို တောင်ပံ၌ ထားကစားသည့် အန်ရီကေး၏ ဗျူဟာအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း စပိန်နည်းပြက မိမိ၏ ရွေးချယ်မှု မှန်ကန်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် မက်ဆီက အသင်းအတွက် အနိုင်ဂိုးသွင်းပြီး ဘာစီလိုနာကို အဖိုးတန်(၃)မှတ် ရယူပေးခဲ့သည်။ ဘာစီလိုနာသည် ဒင်းနစ် ချာရီရှက်ဗ်၊ လူစီယာနို ဗီယက်တိုတို့၏ သွင်းဂိုးများကြောင့် နှစ်ကြိမ်တိုင် နောက်မှ လိုက်ကစားခဲ့ရသော်လည်း နေမာ၊ ရာဖင်ဟာနှင့် မက်ဆီတို့၏ ဂိုးများကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အန်ရီကေး၏ ပုံစံသစ် နည်းဗျူဟာတွင် မက်ဆီသည် ကွင်းလယ်တိုက်စစ်နှင့် တိုက်စစ်တို့ ချိတ်ဆက်နေသည့် နေရာမှ ခွဲထွက်ကာ တောင်ပံ၌ ပိုမိုနေရာယူ ကစားသွားခဲ့သည်။ အန်ရီကေးက “တောင်ပံမှာ မက်ဆီကို ထားကစားတဲ့ ကိစ္စလား။ ဒါက အသင်းအတွက် ပိုကောင်းပါတယ်။ သူကိုယ်တိုင်လည်း ပိုပြီး လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်တယ်လေ။ ကျွန်တော်တို့က သူ့ကို ဘောလုံးနဲ့ အကြိမ်များများ ထိတွေ့စေချင်တာလည်း ပါတယ်”ဟု ပြောကြားခဲ့သည်။ ယခုပွဲတွင် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် အားကြိုးမာန်တက် ကစားခဲ့သော်လည်း အခွင့်အရေး အတော်များများကို ဖြုန်းတီးမိခဲ့သည်။
အန်ရီကေးက ဥရုဂွေးလက်ရွေးစင် ဆွာရက်ဇ် ဂိုးမသွင်းနိုင်သော်လည်း ၎င်း၏ အားထုတ် ကြိုးပမ်းမှုကို ကျေနပ်ကြောင်း ဆိုသည်။ “ဆွာရက်ဇ်က အသင်းအတွက် အများကြီး လုပ်ပေးခဲ့တာပေါ့။ သူဟာ ခံစစ်ထိ ဆင်းကူတယ်။ တစ်ဖက်မှာလည်း ပြိုင်ဘက်ခံစစ်သမားတွေကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့တယ်။ သူ့အနေနဲ့ ဂိုးတွေ သွင်းလာနိုင်မှာပါ။ ဒါကို ကျွန်တော်ကတော့ လုံးဝ သံသယမရှိဘူး”ဟု အန်ရီကေးက ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment