ယူ၂၀ ကမ္ဘာ့ဖလား
ပြိုင်ပွဲဝင် နှစ်သင်းဖြစ်သည့် မြန်မာယူ၂၀ နှင့် ဖီဂျီ ယူ၂၀ တို့ခြေစမ်းပွဲ ကစားမည်
=====================================================
နယူးဇီလန်
နိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ( FIFA U20 World Cup New
Zealand 2015) ပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ့ လက်ရွေးစင်
ယူ၂၀ အသင်းနှင့် ဖီဂျီ လက်ရွေးစင် ယူ၂၀ အသင်းတို့သည် ရန်ကုန်နှင့် မန္တလေး မြို့များတွင်
ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှု
တစ်ရပ်အနေဖြင့် ခြေစမ်းပွဲများ ကစားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဖီဂျီ ယူ၂၀
အသင်းအား ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အထက်နှင့်အောက် မြန်မာပြည် ဘောလုံးဝါသနာ ရှင်များအားပေး
ကြည့်ရှုနိုင်ရန် မန္တလေးနှင့် ရန်ကုန် မြို့ကြီးများတွင် ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။
သမုဒ္ဒရာပိုင်းဇုန်
Oceania Football Confederation - OFC ကိုယ်စားပြု ဖီဂျီ ယူ၂၀ လက်ရွေးစင် အသင်းသည်
မြန်မာ ယူ၂၀ အသင်းကဲ့သို့ပင် ယခုနှစ်မှ စတင်ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်
ရရှိခဲ့သည့် အသင်းဖြစ်ပြီး ၂၀၁၄ သမုဒ္ဒရာပိုင်းဇုန် ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင်
ချန်ပီယံဖြစ်ခဲ့၍ (အောက်ဖော်ပြပါပုံ) ကမ္ဘာ့ဖလား ၀င်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဖီဂျီ
ယူ၂၀ အသင်းအား နည်းပြအဖြစ် ပြည်တွင်းနည်းပြ ရာဗီနက်ရှ် ကူမားက တာဝန်ယူ ထားပြီး နည်းစနစ်
ဒါရိုက်တာအဖြစ် ဥရုဂွေးမှ ဂျူအန် ကားလို့စ် ဘူဇက်တီက တာဝန်ယူ ထားသည်။ ဖီဂျီ ယူ၂၀ အသင်း
ကစားသမား အများစုမှ ပြည်တွင်းကလပ် များမှအများစု ဖြစ်ပြီး ကွင်းလယ်လူ မိုဟာမက်ခန်း
နှင့် အယ်လ်တက်ဖ် ရှရစ် တို့မှာ နယူးဇီလန် ကလပ် Waitakere City အသင်းတွင် ကစားလျက်
ရှိသည်။
ယမန်နေ့က
ကျင်းပခဲ့သည့် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား အုပ်စု မဲခွဲမှုအရ မြန်မာ ယူ၂၀ အသင်းသည် အိမ်ရှင်
နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် တို့နှင့် အုပ်စု(A)တွင် ကျရောက်နေပြီး ဖီဂျီအသင်းမှာ
အုပ်စု (F)တွင် ဂျာမနီ၊ ဥဇဘတ် ကစ္စတန်၊ ဟွန်ဒူးရပ်စ် တို့နှင့်အတူ ကျရောက်လျက် ရှိသည်။
မြန်မာ ယူ၂၀
အသင်းနှင့် ဖီဂျီ ယူ၂၀ အသင်းတို့ ပထမ ခြေစမ်းပွဲကို မန္တလေးမြို့ မန္တလာသီရိ အားကစား
ကွင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ (၄း ၀၀) နာရီတွင် ကျင်းပသွားမည် ဖြစ်ပြီး ဒုတိယ
ခြေစမ်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ (၄း ၀၀) နာရီတွင် ရန်ကုန်မြို့ YTC ကွင်းတွင်
ကျင်းပသွားမည် ဖြစ်သည်။ ခြေစမ်းပွဲများ အတွက် ကွင်းဝင်ကြေးမှာ ရိုးရိုးတန်း ကျပ် ၁၀၀၀
နှင့် အထူးတန်း ကျပ် ၃၀၀၀ ဖြစ်သည်။
ခြေစမ်းပွဲ
များအား အများပြည်သူ ကြည့်ရှုနိုင်မည့် အခမဲ့ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသ နိုင်ရန်လည်း
မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။
Myanmar Football Federation
0 comments:
Post a Comment