Saturday, February 7, 2015
ကော်တင်ဟိုသည် လီဗာပူးလ်၏ ဆွာရက်ဇ် လက်သစ်ဖြစ်ကြောင်း ရော်ဂျာ ပြောကြား
ကော်တင်ဟိုသည် လီဗာပူးလ်၏ ဆွာရက်ဇ် လက်သစ်ဖြစ်ကြောင်း ရော်ဂျာ ပြောကြား
ဘရန်ဒန်ရော်ဂျာသည် အက်ဖ်အေ ဖလား ပဉ္စမ အဆင့်တွင် လီဗာပူးလ် အသင်းနှင့် ခြေစွမ်းပြသ ခဲ့သည့် ဖိလစ်ပီကော်တင်ဟိုကို လူးဝစ်ဆွာရက်ဇ်နှင့် နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးလ်သည် ရာဟင်းမ် စတာလင်နှင့် ကော်တင်ဟိုတို့၏ နောက်ကျသွင်းဂိုးများဖြင့် ဘော်လ်တွန်ကို အနိုင် ရရှိခဲ့သည်။ ထို့နောက် ပွဲအပြီးတွင် ရော်ဂျာက ကော်တင်ဟိုကို ချီးကျူးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာ ကစားသမားဟောင်းသည် ဆွာရက်ဇ်ကဲ့သို့ ကမ္ဘာ့အဆင့် ပင်ကိုယ်ပါရမီ ထူးချွန်သူ ဖြစ်ကြောင်း ဆိုခဲ့သည်။
“သူ့ရဲ့ ကစားပုံကို ကြည့်ပါ။ သူက အင်္ဂလိပ် လူငယ်ကစားသမားတွေရဲ့ စံပြကစားသမား ဖြစ်လာနိုင်ပါတယ်။ သူအနေနဲ့ လာမယ့်နှစ်အနည်းငယ် အတွင်းမျာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာပါလိမ့်မယ်။ လူးဝစ်ဆွာရက်ဇ်ကလည်း ဒီမှာ ကစားခဲ့တုန်းက ဒီလိုခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
လီဗာပူးလ်သည် အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် နေရာတစ်နေရာ ရရှိရန်အတွက် နိုဝင်ဘာလက ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
“အဲ့ဒီမှာ ထပ်ယှဉ်ပြိုင်ရမှာ သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ အဲ့ဒီမှာ ကစားခဲ့တုန်းက ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ မကြာခင်မှာ ကျွန်တော်တို့ ပဲလေ့စ်ကွင်းမှာ မတူညီတဲ့ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ” ဟု ရော်ဂျာက ပြောကြားသွားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment