Saturday, February 7, 2015
ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်မှ ရောင်းချသင့်ကြောင်း ထရာပတ်တိုနီ အကြံပြု
ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်မှ ရောင်းချသင့်ကြောင်း ထရာပတ်တိုနီ အကြံပြု
ပေါ့ဂ်ဘာသည် လီယွန်နယ်မက်ဆီ မဟုတ်ကြောင်းနှင့် ဂျူဗင်တပ်စ် အနေဖြင့် နွေရာသီတွင် အဆိုပါ ကစားသမားကို ရောင်းချပြီး ရောင်းချရငွေနှင့် အသင်းကို ပြန်လည်တောင့်တင်းအောင် တည်ဆောက်သင့်ကြောင်း ဂျီယိုဗန်နီ ထရာပတ်တိုနီက အကြံပြုခဲ့သည်။
ပြင်သစ် ကွင်းလယ် ကစားသမားသည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ရန် ထင်ကြေးပေးခံခဲ့ရသော်လည်း စပိန်ထိပ်သီးအသင်းက ကမ်းလှမ်းမှုများ မပြုလုပ်ခဲ့ပေ။ ကစားသမား၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးသည် ရီးယဲမက်ဒရစ်က မန်ချက်စတာယူနိုက်တက်မှ ခရစ္စတီယာနို ရော်နယ်ဒိုကို ယူရို သန်း ၈၀ ဖြင့် ခေါ်ယူခဲ့စဉ်ကထက် သာလွန်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။ ထို့နောက် အဆိုပါ ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်မှ ပယ်ချခဲ့ပါက ရူးမိုက်မှုတစ်ရပ်သာ ဖြစ်လိမ့်မည်ဟု ထရာပတ်တိုနီက ဆိုခဲ့သည်။
“ပေါ့ဂ်ဘာက ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ သူက မက်ဆီ မဟုတ်ပါဘူး။ သူ့အတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့လို့ မရောင်းရင် ဒါဟာ ရူးမိုက်တဲ့လုပ်ရပ်တစ်ခုပါ။ ဒီလောက် ပြောင်းရွှေ့ကြေးနဲ့ဆိုရင် ဂျူဗင်တပ်စ်က အလယ်အလတ်ကနေ ထိပ်တန်း ခြေစွမ်းရှိတဲ့ ဥရောပက ကစားသမား ၃ ယောက်ကို ရနိုင်ပါတယ်။ ပေါ့ဂ်ဘာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကစားသမား တစ်ယောက်တည်းမှာပဲ ပိုက်ဆံသုံးမယ်ဆိုရင် ဒါဟာ စွန့်စားရာကျပါတယ်” ဟု ထရာပတ်တိုနီက ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်သည် လက်ရှိတွင် စီးရီးအေ ဆုဖလားကို လေးကြိမ်ဆက် ရရှိရန် ရေပန်းစားနေပြီး နည်းပြ အယ်လီဂရီနီ အနေဖြင့် လာမည့်နှစ်များအတွင်း အသင်းကို ပြည်တွင်း ဆုဖလားများ ထပ်မံရရှိရန် လမ်းညွှန်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထရာပတ်တိုနီက ဆိုခဲ့သည်။
“ဂျူဗင်တပ်စ် အနေနဲ့ စကူဒက်တိုဖလားကို ငါးကြိမ်ဆက် ရနိုင်မယ့် အလားအလာ ရှိပါတယ်။ သူတို့အနေနဲ့ နောက်ထပ် နှစ်နှစ်အတွက် ကြိုတင်စီစဉ်ထားနိုင်မယ်ဆိုရင် စကူဒက်တိုဖလားကို ၇ ကြိမ် ၈ ကြိမ်ဆက်တိုက် ရနိုင်ပါလိမ့်မယ်” ဟု ထရာပတ်တိုနီက ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်သည် စီးရီးအေ အမှတ်ပေးဇယားထိပ်တွင် ဒုတိယနေရာမှ ရိုးမားအသင်းကို ၇ မှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment