Wednesday, February 4, 2015
အဲဗာတန်သို့ ပြောင်းရွှေ့နိုင်ခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း လင်နွန်ဖွင့်ဟ
အဲဗာတန်သို့ ပြောင်းရွှေ့နိုင်ခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း လင်နွန်ဖွင့်ဟ
အဲဗာတန် အသင်းသို့ အငှားပြောင်းရွှေ့နိုင်ခဲ့သည့် အတွက် ဝမ်းသာ ပျော်ရွှင်မိကြောင်း အာရွန်လင်နွန်က ဖွင့်ဟ ပြောကြားခဲ့သည်။
သောကြာနေ့ကထိ တော့တင်ဟမ် ဟော့စပါး တောင်ပံ တိုက်စစ်သမားသည် ဟူးလ်စီးတီးနှင့် ဆွေးနွေးနေ ခဲ့သော်လည်း အဆုံးသတ်တွင် အဲဗာတန်က ၎င်းကို ကမ်းလှမ်း ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်ဟောင်းကို လက်ဆက်စတာစီးတီးနှင့် စတုတ်ခ်စီးတီးတို့ကလည်း ချိတ်ဆက်ခဲ့သေးသည်။ ၎င်းသည် မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနို လက်အောက်တွင် စပါး၏ ပုံမှန်ပွဲထွက် ကစားသမား ဖြစ်ခွင့်မရဘဲ ရုန်းကန်နေရသည့်နောက် ဆောင်းရာသီ ဈေးကွက်အတွင်း အဲဗာတန်သို့ အငှားပြောင်းရွှေ့လာခြင်း ဖြစ်သည်။
လင်နွန်က “အဲဗာတန်လို သမိုင်းကြောင်း ကြီးမားပြီး အလားအလာကောင်းတွေ ရှိနေတဲ့ အသင်းတစ်သင်းမှာ ပါဝင်ကစားဖို့ ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။ အသင်းမန်နေဂျာက ကျွန်တော့်ကို လာကစားစေချင်တယ်။ ဒီအချက်က စိတ်လှုပ်ရှားစရာပါ။ အဲဗာတန်က တိုက်စစ်အားပြု ကစားဟန်ကို ထူထောင်နေတာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေမှာ အသင်းအတွက် အများကြီး ကူညီ ပေးဆပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
လင်နွန်သည် အင်္ဂလန်အတွက် (၂၁)ပွဲထိ ကစားပေးခဲ့ဖူးသည်။ ၎င်းသည် စပါးတွင် (၁၀)နှစ်နီးပါး ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း(၃၀)မျှ သွင်းယူနိုင်ခဲ့သည်။ အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က “လင်နွန်အနေနဲ့ အသင်းကို သူ့ရဲ့ အတွေ့အကြုံကောင်းတွေ ဆောင်ယူလာပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူဟာ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး နှစ်ခုမှာ ကစားဖူးသူပါ။ ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း အထင်ကရ ဖြတ်သန်းမှုမျိုး ရှိခဲ့ပါတယ်” ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment