Pages

Subscribe:

Thursday, February 5, 2015

ယူနိုက်တက်တွင်သာ ဒီဂီယာ၏ အနာဂတ် ဆက်လက် မြှုပ်နှံဖွယ်ရှိဟု အေးဂျင့် မှတ်ချက်ပြု



ယူနိုက်တက်တွင်သာ ဒီဂီယာ၏ အနာဂတ် ဆက်လက် မြှုပ်နှံဖွယ်ရှိဟု အေးဂျင့် မှတ်ချက်ပြု

ရီးယဲလ်မက်ဒရစ်က အလေးအနက် စိတ်ဝင်စားနေသည့်တိုင် မန်ချက်စတာ ယူနိုက်တက်တွင် ဒေးဗစ်ဒီဂီယာ ကာလရှည်ကြာ ဆက်ကစားဖွယ် ရှိကြောင်း အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျမန်းဒက်စ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ဥရောပ ဘောလုံးလောက၏ စူပါအေးဂျင့် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည့် မန်းဒက်စ်က စပိန်လက်ရွေးစင် ဒီဂီယာ အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ်ကို ဆက်လက် မြှုပ်နှံသွားရန် အလားအလာ ရှိကြောင်း ဆိုသည်။ ရီးယဲလ်သည် သက်တော်ရှည် ဂိုးသမားကြီး အိုင်ကာ ကားဆီးလက်စ် နေရာတွင် ရေရှည် အစားထိုးရန်အတွက် ဒီဂီယာကို စိတ်ဝင်စားနေပြီး ယူနိုက်တက်ကလည်း ကစားသမားကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးပမ်းနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပေါ်လာသည့် သတင်းများအရ ယူနိုက်တက်သည် ဒီဂီယာကို ကမ္ဘာပေါ်တွင် ဂိုးသမား တစ်ဦးအတွက် လုပ်ခလစာ အမြင့်ဆုံး ကမ်းလှမ်းမှုဖြင့် စာချုပ်သက်တမ်း တိုးသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

အသက်(၂၄)နှစ်ရှိ ဂိုးသမားနှင့် ပတ်သက်ပြီး မန်းဒက်စ်က “သူ့စာချုပ်က တစ်နှစ်ကျော်ပဲ သက်တမ်း ကျန်တော့တယ်။ အနာဂတ်ကိုတော့ ကစားသမားကပဲ ဆုံးဖြတ်မှာပါ။ လောလောဆယ်မှာတော့ သူဟာ မန်ချက်စတာမြို့မှာ ပျော်ရွှင်နေပါတယ်”ဟု BBCသို့ ပြောကြားခဲ့သည်။ မန်းဒက်စ်သည် ဒီဂီယာအပြင် ရာဒါမယ် ဖယ်လ်ကာအို၊ ဟာမက်စ် ရိုဒရီဂွတ်ဇ် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် အိန်ဂျယ်လ် ဒီမာရီယာတို့ကဲ့သို့ နာမည်ကျော် ကစားသမားများကို ကိုယ်စားပြုနေသည့် အေးဂျင့် တစ်ဦးဖြစ်သည်။

၎င်းက ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ရော်နယ်လ်ဒိုသည် အသင်းဟောင်း ယူနိုက်တက်သို့ ပြန်ရောက်နိုင်ခြေ ရှိကြောင်း ကောလာဟလများကိုမူ ပယ်ချသွားသည်။ “ရော်နယ်လ်ဒိုလား။ သူ့တန်ကြေးက ပေါင်စတာလင် တစ်ဘီလျံလောက် သတ်မှတ်ထားတယ်။ တကယ်ပြောတာ။ သူ့စာချုပ်ပါ သတ်မှတ်ဈေးနှုန်းက ပေါင်စတာလင် တစ်ဘီလျံပါ။ တကယ်လို့ ရီးယဲလ်က သူ့ကို ရောင်းမယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် ပေါင်စတာလင် သန်း(၃၀၀)လောက် ပေးတဲ့သူ ရှိမှ ဖြစ်မယ်။ ရော်နယ်လ်ဒိုက ယူနိုက်တက်မှာ (၆)နှစ်လောက် ကစားခဲ့ပြီး အသင်းနဲ့ ပရိသတ်ကို ချစ်ပါတယ်။ ဒါပေမဲ့ သူ့ကစားသမား ဘဝကတော့ ရီးယဲလ်မှာပဲ သေချာပေါက် ပြီးဆုံးသွားပါလိမ့်မယ်”ဟု မန်းဒက်စ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment