Pages

Subscribe:

Thursday, February 5, 2015

FAဖလား ဆွတ်ခူးရေးသည် ယူနိုက်တက်၏ ယခုရာသီ အဓိက ရည်မှန်းချက် တစ်ရပ်ဟု ဗန်ဂါးလ်ဝန်ခံ



FAဖလား ဆွတ်ခူးရေးသည် ယူနိုက်တက်၏ ယခုရာသီ အဓိက ရည်မှန်းချက် တစ်ရပ်ဟု ဗန်ဂါးလ်ဝန်ခံ

ယခုရာသီတွင် FAဖလား ဆွတ်ခူး ရရှိရေးသည် မန်ချက်စတာ ယူနိုက်တက်အတွက် ထိပ်တန်း ဦးစားပေး ရည်မှန်းချက် တစ်ရပ် ဖြစ်လာကြောင်း အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံခဲ့သည်။

အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် ပြန်ကန်ပွဲစဉ်၌ ကမ်းဘရစ်ဂ်ျကို (၃-၀)ဖြင့် အနိုင် ယူပြီးနောက် ယူနိုက်တက်သည် FAဖလား ပဉ္စမအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ ယူနိုက်တက်သည် ဟွမ်မာတာ၊ မားကို့စ်ရိုဟို၊ ဂျိမ်းစ်ဝီလ်ဆင်တို့၏ ဂိုးများဖြင့် အသင်းငယ်လေး ကင်းဘရစ်ဂ်ျကို သက်တောင့်သက်သာ အနိုင် ရခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ယူနိုက်တက်သည် ပရက်စ်တန် နော့သ်အန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကွာတားဖိုင်နယ် တက်ရောက်ရန် အထူးတလည် ရေပန်းစားလာခဲ့သည်။

ယူနိုက်တက်သည် FAဖလားနှင့် ကင်းကွာနေသည်မှာ (၁၁)နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုရာသီ အသင်းကို စတင် ကိုင်တွယ်သည့် ဗန်ဂါးလ်က ပွဲဦးထွက် အောင်မြင်မှု အဖြစ် အဆိုပါ ဖလားကို မျှော်လင့်နေခြင်း ဖြစ်သည်။ FAဖလားတွင် ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့ ကဲ့သို့ ထိပ်တန်း ကလပ်များ စောစီးစွာ ထွက်ခွာ သွားခြင်းကလည်း ယူနိုက်တက် အတွက် ချန်ပီယံဆုကို မျှော်လင့်ရန် အလားအလာ ပိုမို အားကောင်းလာစေသည်။ “ကျွန်တော်တို့မှာ အခုဆိုရင် တကယ့် အခွင့်အရေး တစ်ရပ် ရှိလာပါပြီ”ဟု နယ်သာလန်သား မန်နေဂျာကြီးက ဆိုသည်။

၎င်းက “ဒီဖလားကို ဘာကြောင့် မရနိုင်ရမှာလဲ။ လောလောဆယ် FAဖလား ပြိုင်ပွဲမှာ ရှိနေတဲ့ အသင်းတွေထဲမှာ ကျွန်တော်တို့ရဲ့ အခြေအနေက အမြင့်ဆုံးပဲ။ အခုဆိုရင် လူတွေကလည်း ကျွန်တော်တို့ အသင်းဘက်က လောင်းနေလောက်ပြီ။ ကျွန်တော်က ကာစီနိုသမား တစ်ယောက် မဟုတ်တဲ့အတွက် သူတို့ လောင်းကြေးထပ်တာကို ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ စဉ်းစားစရာ အခြေအနေလေး တစ်ခုလောက်တော့ ပေးနိုင်တယ်။ သေချာတယ်လေ။ အဆင့်အမြင့်ဆုံး အသင်းတွေဟာ တခြား အနိမ့်ပိုင်း အသင်းတွေထက် ပြိုင်ပွဲတစ်ခုမှာ အောင်မြင်မှုရဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်ဟာ ဒီပြိုင်ပွဲမှာ ရှိနေသေးတယ်။ ကျွန်တော့် တစ်ဦးတည်း အမြင် အရတော့ ကျွန်တော် အလုပ်လုပ်တဲ့ ဘယ်အသင်းမှာ မဆို ပထမဆုံးနှစ်မှာ ဖလား တစ်လုံးလုံး ရခဲ့ဖူးတဲ့ အတိုင်း ဆက်ဖြစ်ချင်တယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ထက် FAဖလားကို ဆွတ်ခူးဖို့က အခု အချိန်မှာ အခွင့်အရေး ပိုကောင်းနေပါပြီ” ဟုလည်း မှတ်ချက်ပြု သွားသည်။

Soccer Myanmar

0 comments:

Post a Comment