Pages

Subscribe:

Wednesday, February 11, 2015

ဒေါ့မွန်နှင့် မာကိုရူးစ် နှစ်နှစ် စာချုပ်သစ်ချုပ်ဆို



ဒေါ့မွန်နှင့် မာကိုရူးစ် နှစ်နှစ် စာချုပ်သစ်ချုပ်ဆို

မာကိုရူးစ်သည် အသင်းတွင် ၂၀၁၉ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်အတွက် ဘိုရပ်ရှားဒေါ့မွန်နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်စစ် ကစားသမား၏ ယခင်စာချုပ်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ရူးစ်နှင့် ဒေါ့မွန်တို့၏ အခြေအနေကို ရီးယဲမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာစီးတီးနှင့် မန်ချက်စတာယူနိုက်တက် အပါအဝင် အသင်းအချို့က စောင့်ကြည့်ခဲ့ကြသည်။


သို့သော်လည်း အသက် ၂၅ နှစ်အရွယ်က ၎င်း၏ အနာဂတ် ဒေါ့မွန်တွင် ဆက်ရှိနေရန်အတွက် အသင်းနှင့် နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ “ကောလာဟလ သတင်းတွေကြောင့် ကျွန်တော်တို့ စိတ်အနှောင့်အယှက် တစ်ခါမှ မဖြစ်ခဲ့ပါဘူး။ ကစားသမား အနေနဲ့လည်း သူ့ရဲ့ အနာဂတ်က ဒေါ့မွန်မှာပဲ ဆက်ရှိနေဖို့အတွက် ဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ဟမ်းဘတ်ရဲ့ အူဝီဆီလာနဲ့ လီဗာပူးလ်ရဲ့ စတီဗင်ဂျရတ်လိုပဲ မာကိုက ဒေါ့မွန်ရဲ့ ခေတ်တစ်ခေတ်ကို ဆောင်ကြဉ်းပေးမယ့်သူပါ။ အခုလို ခက်ခဲတဲ့ အခြေအနေမျိုးမှာ မာကိုက ဒေါ့မွန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်” ဟု ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဟန်စ်ဂျိုအာချင်ဝက်ဇ်ကီက ပြောကြားခဲ့သည်။


ထို့အပြင် အားကစာဒါရိုက်တာ မိုက်ကယ်ဇော့ခ်ကလည်း ဥရောပ ထိပ်သီးအသင်းများက စိတ်ဝင်စားနေသည့်တိုင် အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း ဆိုခဲ့သည်။ “မာကိုရူးစ်က ဘယ်အသင်းကြီးကိုမဆို ပြောင်းရွှေ့နိုင်သူပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်က သူ့နှလုံးသားထဲမှာ သူ့ရဲ့ဇာတိမြို့နဲ့ ငယ်ဘဝကတည်းက ကစားခဲ့တဲ့ အသင်းတို့ ရှိနေဆဲဆို တာကို ပြ သခြင်း ဖြစ်ပါတယ်။ သူက ဒေါ့မွန်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ” ဟု ဇော့ခ်က ပြောကြားခဲ့သည်။


ရူးစ်သည် ဒေါ့မွန်လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သည့် ကစားသမား ဖြစ်ပြီး ရော့တ်ဝစ်အယ်လ်ဟန်နှင့် ဘိုရပ်ရှား မိုချန်ဂလတ်ဘတ်ခ်ျတို့တွင် ကစားခဲ့ပြီးနောက် ဒေါ့မွန်သို့ ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်သည်။ “ကျွန်တော် ဒေါ့မွန်မှာ ဆက်နေဖို့ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒေါ့မွန်က ကျွန်တော့်ရဲ့ ဇာတိမြို့ပါ။ ဘိုရပ်ရှားက ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိတဲ့ အသင်းပါ။ ကျွန်တော့်အနေနဲ့ အနာဂတ်မှာ အသင်း၊ အသင်းပရိသတ်တွေနဲ့အတူ အောင်မြင်မှုတွေ ရရှိဖို့ ရည်ရွယ်ထားပါတယ်” ဟု ရူးစ်က ပြောကြားခဲ့သည်။


မာကိုရူးစ်သည် ယခုနှစ် ဘောလုံးရာသီတွင် ဒဏ်ရာကြောင့် ဘွန်ဒက်စ်လီဂါ ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သော်လည်း အသင်းအတွက် ၄ ဂိုး သွင်းယူနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment